၂၂.၁.၂၀၂၀ ( နံနက် ၈ နာရီ ၃၄ မိနစ် ) ‌စစ်ရေးလေ့ကျင့် မှုပူးတွဲစတင်ခဲ့ကြတဲ့ အီရန်၊ ရုရှား နှင့် တရုတ်နိုင်ငံတို့မှရေတပ်ဖွဲ့ဝင်များ


အီရန်၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့ကရေတပ်ဖွဲ့ဝင်တွေပါ၀င်တဲ့ ၄ ရက်ကြာရေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှုကို အိန္ဒိယသမုဒ္ဒရာနဲ့ အိုမန်ပင်လယ်ပြင်အတွင်းစတင်ခဲ့ကြောင်းGlobal Security.com သတင်းအရ သိရှိရပါတယ်။

အိန္ဒိယသမုဒ္ဒရာရဲ့ အနောက်မြောက်ပိုင်းဒေသအတွင်း စစ်သင်္ဘောတွေတပ်ဖြန့်ချထားခြင်း၊ အိုမန်ပင်လယ်ကွေ့အတွင်းရှိ အီရန်နိုင်ငံရဲ့ Chabahar ဆိပ်ကမ်းကနေပြီး ၃ နိုင်ငံတို့ရဲ့စစ်သင်္ဘောတွေစတင်ထွက်ခွာခြင်းအခမ်းအနားတွေဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဆောင်ရွက်ခဲ့ကြောင်း အီရန်ရေတပ်ဖွဲ့က ဒုတိယဗိုလ်ချုပ်ကြီး Gholanreza Tahani က ပြောကြားသွားခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုရဲ့အမည်က Marine Security Belt ဖြစ်ပြီး ရေပြင်ဧရိယာ ၁၇၀၀၀စတုရန်းကီလိုမီတာအတွင်း တပ်ဖြန့်စစ်ကစားသွားမှာဖြစ်ကြောင်း၊ ဒီစစ်ရေးလေ့ကျင့်မှုရဲ့ ပစ်ခတ်စဉ်လေ့ကျင့်ခန်းတွေမှာ ထိခိုက်ဒဏ်ရာရရှိမှုတွေ၊ ချေမှုန်းတိုက်ခိုက်ခံရပါက ရှာဖွေကယ်ဆယ်ရေးသင်္ဘောတွေနဲ့လုပ်ငန်းစဉ်တွေမှာလက်တွေ့ကျကျပါ၀င်လေ့ကျင့်ခြင်းတို့အပါအဝင် နည်းဗျူဟာပိုင်းဆိုင်ရာလေ့ကျင့်မှုအသီးသီးတို့ကို ထည့်သွင်းလေ့ကျင့်သွားမှာဖြစ်ကြောင်း၊ ဒါ့အပြင်စစ်ရေးလေ့ကျင့်မှုရဲ့ရည်ရွယ်ချက်တွေထဲက အဓိကအားဖြင့် အပြည်ပြည်ပင်လယ်ရေကြောင်းကုန်စည်ကူးသန်းသွားလာမှုရဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေတိုးတက်မြင့်မားစေရေး၊ ပင်လယ်ပြင်အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပင်လယ်ဓားပြရန်တန်ပြန်ကာကွယ်တားဆီးနိုင်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေနဲ့စပ်လျဉ်းလို့သတင်းအချက်အလက်တွေ အပြန်အလှန်ဖလှယ်ရေးစတာတွေအပြင် စစ်ဆင်ရေးကိစ္စရပ်တွေနဲ့ နည်းဗျူဟာမြောက်စစ်ရေးအတွေ့အကြံုတွေကို အပြန်အလှန်မျှဝေသွားမယ့် စစ်ရေးလေ့ကျင့်မှုကြီးတစ်ရပ်ပင်ဖြစ်ကြောင်းဖြင့် ဒုတိယဗိုလ်မှူးကြီး Gholanreza Tahani က ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။



အီရန်၊ ရုရှားနဲ့တရုတ်နိုင်ငံတို့ပါ၀င်တဲ့ ၃ နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုက ကမ္ဘာ့အဆင့်တတိယမြောက်သမုဒ္ဒရာတစ်စင်းဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာအတွင်း သိသာထင်ရှားတဲ့လက္ခဏာတစ်ရပ်ကို ဖော်ဆောင်နေတယ်လို့ဒေသတွင်းသတင်းတွေက ဖော်ပြခဲ့ကြပါတယ်။



အထူးသဖြင့်Hormuz ၊Malacca နဲ့ Bab el-Mandeb မဟာဗျူဟာမြောက်ရေလက်ကြားဒေသအတွင်းနဲ့နီးစပ်တဲ့အိမ်နီးချင်းနိုင်ငံတွေအတွက် အဓိကစောင့်ကြည့်စရာစစ်ရေးလေ့ကျင့်မှုလည်းဖြစ်လာခဲ့ပါတယ်။ဒေသတွင်းသတင်းတွေရဲ့ထုတ်ပြန်ချက်အရ အီရန်ရေတပ်ဟာ ၎င်းင်းရဲ့ Sahand နဲ့Alborz ဖျက်သင်္ဘောတွေ၊ Kenarak နဲ့Tonb အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာစစ်သင်္ဘောတွေ၊ Neyzeh ဒုံးကျည်တင်သင်္ဘောNazeri ဆေးရုံစစ်သင်္ဘောတွေပါ၀င်လေ့ကျင့်သွားမယ်လို့ သိရှိရပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Wu Qian က တရုတ်နိုင်ငံအနေနဲ့ Xining တိကျပဲ့ထိန်းလမ်းညွှန်ဒုံးကျည်ဖျက်သင်္ဘောပါ၀င်လေ့ကျင့်သွားမယ်လို့ ထုတ်ဖော်ပြောကြားထားပြီး စစ်သင်္ဘောအရေအတွက်အတိအကျကိုတော့ ပြောဆိုခဲ့ခြင်းမရှိပါဘူး။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့၎င်းင်းတို့ရဲ့ရေတပ်ဖွဲ့အနေနဲ့ Baltic ရေယာဉ်အုပ်စုက စစ်သင်္ဘော၃ စင်းကို စေလွှတ်ပေးသွားမှာဖြစ်ကြောင်း၊ ၎င်းင်းစစ်သင်္ဘောတွေမှာYaroslav Mudry ဖရီးဂိတ်စစ်သင်္ဘော၊ Yevgeniy Khorov လောင်စာဆီတင်သင်္ဘောနဲ့ Yel’nya ရှာဖွေကယ်ဆယ်ရေးစစ်သင်္ဘောတို့ ပါ၀င်လေ့ကျင့်သွားမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။

ကမ္ဘာ့စစ်အင်အားကြီးနှစ်နိုင်ငံနဲ့မိမိတို့နိုင်ငံက ပူးတွဲစစ်ရေးလေ့ကျင့်မှုကျင်းပနိုင်ခြင်းဟာ အဓိကအရေးပါတဲ့ရလဒ်တစ်ခုကို ရရှိခဲ့ခြင်းပဲဖြစ်ကြောင်း၊ အဲဒီလိုလေ့ကျင့်နိုင်ခြင်းဟာ အီရန်နိုင်ငံအနေနဲ့ အထီးကျန်နိုင်ငံမဟုတ်တာကို ပြသရာရောက်ကြောင်းဖြင့် ရေတပ်ဒုတိယဗိုလ်ချုပ်ကြီးGholanreza Tahani က ပြောကြားသွားခဲ့ပါတယ်။

အခုလို ၃ နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုပေါ်ထွက်လာနိုင်ခြင်းရဲ့ရလဒ်က အထူးသဖြင့် အီရန်နိုင်ငံအပေါ်အမေရိကန်နိုင်ငံက အထီးကျန်နိုင်ငံအဖြစ် ပေါ်ထွက်လာစေရေးဖိအားပေးကြိုးပမ်းအားထုတ်မှုတွေကြောင့်လည်းဖြစ်တယ်လို့ နိုင်ငံရေးစစ်ရေးဆိုင်ရာသုတေသီတွေကလေ့လာသုံးသပ်ထားကြပါတယ်။

Comments

Popular posts from this blog

၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၂၅ မိနစ်) လက်ဘနွန်တွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၂၀ ကျော် ထိခိုက်ဒဏ်ရာရ

၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၃၇ မိနစ်) တရုတ် ဗိုင်းရပ်စ်ဆန်း မြို့ကြီးများဆီ ကူးစက်ပျံ့နှံ့ ၊ နောက်ထပ် လူ ၁၄၀ နီးပါး ထပ်မံကူးစက်ခံထားရ