၁၄.၁.၂၀၂၀ ( နံနက် ၁၁ နာရီ ၄၀မိနစ်) ဂျာမနီတွင် ဒုတိယကမ္ဘာစစ်ကာလ ဗုံးဟောင်းနှစ်လုံး တွေ့ရှိသဖြင့် ပြည်သူအများ အရေးပေါ်ရွှေ့ပြောင်းကာ ဗုံးကို ရှင်းလင်း


ဂျာမနီနိုင်ငံ အနောက်ပိုင်း ဒေါ့မွန်မြို့တွင် ဒုတိယကမ္ဘာစစ်ကာလ ဗုံးဟောင်းနှစ်လုံး တွေ့ရှိရသဖြင့် ထောင်သောင်းချီသော ဒေသခံများကို အရေးပေါ် ရွှေ့ပြောင်းစေပြီးနောက် ဗုံးနှစ်လုံးကို ဇန်နဝါရီ ၁၂ ရက်တွင် အသက်မဲ့အောင်ပြုလုပ်ကာ အောင်မြင်စွာ ဖယ်ရှားလိုက်နိုင်ကြောင်း သိရသည်။
ဗုံးများသည် ပေါင် ၃၃၀ စီ (၂၅၀ ကီလိုဂရမ်) အလေးချိန်ရှိသော အမေရိကန်နှင့် ဗြိတိန်ဗုံးများဖြစ်ကြောင်း သိရသည်။ ဆောက်လုပ်ရေးလုပ်ငန်းအတွက် မြေတူးစဉ် ဗုံးများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကနဦးတွင် ဗုံးလေးလုံးထိ ထောက်လှမ်းတွေ့ရှိကြောင်း အာဏာပိုင်များက ထင်မှတ်ခဲ့သော်လည်း တကယ်တမ်းတွင် ဗုံးနှစ်လုံးသာဖြစ်ကြောင်း နောက်ပိ်ုင်းတွင် ထုတ်ပြန်ခဲ့သည်။ ဗုံးရှင်းလင်းမည့်ဧရိယာအတွင်း ပေါက်ကွဲပါက အန္တရာယ်ရှိနိုင်သည့် နေအိမ်များ၊ ရုံးများမှ လူအများကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့သည်။ ဆေးရုံနှစ်ရုံကိုလည်း ရွှေ့ပြောင်းပေးခဲ့ရပြီး ရွှေ့ပြောင်းရသူများ ယာယီနေထိုင်နိုင်ရန် ကျောင်းများတွင် နေရာချထားပေးခဲ့သည်။

ဗုံးရှင်းလင်းနိုင်ရန်အတွက် မြို့ခံ ၁၄၀ဝ၀ ခန့်ကို အရေးပေါ် ရွှေ့ပြောင်းခိုင်းခဲ့ရကြောင်း ဒေါ့မွန်မြို့ အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

ဘူတာရုံတစ်ရုံကိုလည်း ပိတ်ထားခဲ့ရပြီး ရထားများကို လမ်းလွှဲမှ မောင်းခိုင်းခဲ့ရသည်။ ဗုံးရှင်းလင်းရေး ကျွမ်းကျင်အဖွဲ့များက ဗုံးကို မဖြုတ်မီ သတ်မှတ်ဧရိယာအတွင်း မပြောင်းရွှေ့ဘဲ ကျန်နေသူများ ရှိ မရှိကိုလည်း ရဟတ်ယာဉ်များဖြင့် လှည့်လည်စစ်ဆေးခဲ့သည်။ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးသည်မှာ ၇၅ နှစ်ရှိလာပြီဖြစ်သည့်တိုင် ဂျာမနီတွင် မဟာမိတ်လေယာဉ်များ ကြဲချခဲ့သော မပေါက်ကွဲသေးသည့် ဗုံးများကို တွေ့ရှိနေရဆဲဖြစ်သည်။

၂၀၁၉ ခုနှစ်စက်တင်ဘာလကလည်း ဟန်နိုဗာမြို့တွင် ၂၅၀ ကီလိုဂရမ် ဗုံးတစ်လုံး တွေ့ရှိသဖြင့် အနီးဝန်းကျင်ရှိ မြို့ခံ တစ်သောင်းခွဲကို ဘေးကင်းရာ ရွှေ့ပြောင်းပေးကာ ဗုံးကို အောင်မြင်စွာ ရှင်းလင်းဖယ်ရှားနိုင်ခဲ့သည်။ ဖရန့်ဖတ်မြို့တွင်လည်း ၂၀၁၇ ခုနှစ်က ၁ ဒသမ ၄ တန်လေးသည့် ဗုံးတစ်လုံး တွေ့ရှိသဖြင့် မြို့ခံ ခြောက်သောင်းခွဲခန့်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးကာ ဗုံးကို ရှင်းလင်းဖယ်ရှားခဲ့ရသည်။

Comments

Popular posts from this blog

၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၂၅ မိနစ်) လက်ဘနွန်တွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၂၀ ကျော် ထိခိုက်ဒဏ်ရာရ

၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၃၇ မိနစ်) တရုတ် ဗိုင်းရပ်စ်ဆန်း မြို့ကြီးများဆီ ကူးစက်ပျံ့နှံ့ ၊ နောက်ထပ် လူ ၁၄၀ နီးပါး ထပ်မံကူးစက်ခံထားရ

၂၂.၁.၂၀၂၀ ( နံနက် ၈ နာရီ ၃၄ မိနစ် ) ‌စစ်ရေးလေ့ကျင့် မှုပူးတွဲစတင်ခဲ့ကြတဲ့ အီရန်၊ ရုရှား နှင့် တရုတ်နိုင်ငံတို့မှရေတပ်ဖွဲ့ဝင်များ