၂၄.၁.၂၀၂၀ ( နံနက် ၉ နာရီ ၄၅ မိနစ် ) ဘာရီဂင်္ဂါမြစ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် စက်ရုံ ၂၃၁ ခုကို ပိတ်သိမ်းရန် ဘင်္ဂလားဒေ့ရှ်တရားရုံး အမိန့်ထုတ်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ ဘာရီဂင်္ဂါမြစ်ကို ကမ္ဘာ့ရေထု အညစ်ညမ်းဆုံးမြစ်များထဲတွင် တစ်ခုအပါအဝင် ဖြစ်လာစေခဲ့သည့် အကြောင်းရင်းဖြစ်သော စက်ရုံ ၂၃၁ ခုကို ပိတ်သိမ်းပစ်ရန် ဘင်္ဂလားဒေ့ရှ် အထက် တရားရုံးက အမိန့်ထုတ်ခဲ့ကြောင်း ရှေ့နေတစ်ဦးက ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း မြစ်ရာပေါင်းများစွာ သွယ်တန်း စီးဆင်းလျက်ရှိသော်လည်း ကမ္ဘာ့ဒုတိယအကြီးဆုံး အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ရာ ထိုနိုင်ငံ၌ မကြာသေးမီကာလအတွင်း စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်လာခြင်းက စက်ရုံထွက်အညစ်အကြေးများ မြစ်များအတွင်းသို့ စွန့်ပစ်ခြင်းကိစ္စကို မသိချင်ယောင်ဆောင်ရန် ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများအား လမ်းကြောင်းပေးသကဲ့သို့ ရှိနေသည်။

ဘာရီဂင်္ဂါမြစ်အတွင်းသို့ အညစ်အကြေးများ စွန့်ထုတ်နေသော ဆေးဆိုးစက်ရုံ၊ ရော်ဘာစက်ရုံ၊ သားရေနယ်စက်ရုံများအပါအဝင် စက်ရုံပေါင်း ၂၃၁ ခုကို ချက်ချင်း အရေးယူဆောင်ရွက်ရန် အထက်တရားရုံးက ဇန်နဝါရီ ၂၀ ရက်တွင် အာဏာပိုင်များအား အမိန့်ပေးခဲ့သည်။ စက်ရုံများ ပိတ်သိမ်းပစ်ရန် သမိုင်းဝင်ဆုံးဖြတ်ချက်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူများက ကြိုဆိုခဲ့ကြသည်။

“ အဲ့ဒီစက်ရုံတွေကို ထောက်ပံ့နေတဲ့ လျှပ်စစ်မီး၊ သဘာဝဓာတ်ငွေ့၊ ရေ အပါအဝင် ဝန်ဆောင်မှုအားလုံးကို ဖြတ်တောက်ပစ်ဖို့ အာဏာပိုင်တွေကို တရားရုံးက တောင်းဆိုထားပါတယ်” ဟု ရှေ့နေ Manzil Maushid က ဆိုသည်။

ဘာရီဂင်္ဂါမြစ်သည် မြစ်အများအပြားကို ဖြတ်သန်းစီးဆင်းခြင်းဖြင့် မြို့တော်ဒါကာနှင့် တောင်ပိုင်း ကမ်းရိုးတန်းဒေသများကို ဆက်သွယ်ပေးနေသည်။ ဘာရီဂင်္ဂါမြစ်သည် မွန်ဂိုတို့ တည်ထောင်ခဲ့သော နှစ် ၄၀၀ သက်တမ်းရှိ ဒါကာမြို့သို့ ဝင်ရောက်ရာ တံခါးပေါက်အဖြစ် ရာစုနှစ်များစွာတိုင် တည်ရှိခဲ့သည်။ သို့သော် သားရေနယ်စက်ရုံ ၁၀၀ ကျော်သည် ဘာရီဂင်္ဂါမြစ်အတွင်းသို့ အညစ်အကြေးများ ဆယ်စုနှစ်များစွာကြာ စွန့်ပစ်ခဲ့ခြင်းက ထိုမြစ်ကို ကမ္ဘာ့ရေထု အညစ်ညမ်းဆုံးမြစ်များထဲတွင် အပါအဝင်ဖြစ်စေခဲ့ကြောင်း မြစ်ကျွမ်းကျင်ပညာရှင် Ainun Nishat က ပြောကြားခဲ့သည်။

သားရေနယ်စက်ရုံများသည် တစ်နေ့လျှင် ခရိုမီယမ်သတ္တု၊ ခဲသတ္တုနှင့် အခြားဓာတုပစ္စည်းများ ပါဝင်သော သန့်စင်မှုမပြုလုပ်ထားသည့် အညစ်အကြေး ၂၁၀၀၀ ကုဗမီတာ (ဂါလန် ၅.၅ သန်း) ခန့်ကို ဘာရီဂင်္ဂါမြစ်အတွင်းသို့ စွန့်ပစ်ခဲ့ဖွယ်ရှိကြောင်း အခွင့်အရေးစောင့်ကြည့်သည့်အဖွဲ့က ထုတ်ပြန်ထားသည်။ နိုင်ငံတကာမှဖိအားပေးမှုကြောင့် ၂၀၁၇ ခုနှစ်တွင် သားရေနယ်စက်ရုံများကို အတင်းအကျပ် နေရာပြောင်းရွှေ့ခိုင်းခဲ့သော်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ တည်ဆောက်ထားသည့်စက်ရုံအများစု အပါအဝင် တရားမဝင်စက်ရုံ ရာပေါင်းများစွာကြောင့် ဘာရီဂင်္ဂါမြစ်ရေ ညစ်ညမ်းမှု ဆက်လက်ဖြစ်ပွားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် မြစ်ကမ်းပါးများတွင် တည်ဆောက်ထားသော စက်ရုံများ၊ စီးပွားရေးလုပ်ငန်းများ၊ ကျူးကျော်နေအိမ်များကို ဖယ်ရှားပစ်ရန် အမိန့်ထုတ်ခြင်းဖြင့် မြစ်များအား ကာကွယ်စောင့်ရှောက်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခဲ့သည်။ ပြီးခဲ့သည့်နှစ် တစ်နှစ်တည်းမှာပင် ဒါကာမြစ်လေးစင်း၏ ကမ်းပါးများပေါ်တွင် တရားမဝင် တည်ဆောက်ထားသော အဆောက်အအုံ ၄၀၀၀ ကို အာဏာပိုင်များက ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။



Comments

Popular posts from this blog

၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၂၅ မိနစ်) လက်ဘနွန်တွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၂၀ ကျော် ထိခိုက်ဒဏ်ရာရ

၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၃၇ မိနစ်) တရုတ် ဗိုင်းရပ်စ်ဆန်း မြို့ကြီးများဆီ ကူးစက်ပျံ့နှံ့ ၊ နောက်ထပ် လူ ၁၄၀ နီးပါး ထပ်မံကူးစက်ခံထားရ

၂၂.၁.၂၀၂၀ ( နံနက် ၈ နာရီ ၃၄ မိနစ် ) ‌စစ်ရေးလေ့ကျင့် မှုပူးတွဲစတင်ခဲ့ကြတဲ့ အီရန်၊ ရုရှား နှင့် တရုတ်နိုင်ငံတို့မှရေတပ်ဖွဲ့ဝင်များ