၂၄.၁.၂၀၂၀ ( နံနက် ၉ နာရီ ၄၇ မိနစ် ) ပူတင်က အဓိကဝန်ကြီးများအား ရုရှားအစိုးရအဖွဲ့သစ်တွင် ဆက်လက်ခန့်အပ်


ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ပြောင်းလဲမည့် အစီအစဉ်များအား အဆိုပြုခဲ့ပြီးနောက် တစ်ပတ်ပင် မပြည့်သေးမီ ရုရှားသမ္မတ ဗလာဒီမာပူတင်က အဓိကဝန်ကြီးများအား ဆက်လက်ထိန်းသိမ်းထားသော အစိုးရအဖွဲ့သစ်ကို ဇန်နဝါရီ ၂၁ တွင် ထုတ်ပြန်ခဲ့သည်။ ပူတင်အား အခိုင်အမာထောက်ခံသော နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရော့ဗ်နှင့် ကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုင်ဂူတို့အပြင် ဘဏ္ဍာရေးဝန်ကြီး အန်တန်ဆီ လူအာနော့ဗ်နှင့် စွမ်းအင်ဝန်ကြီး အလက်ဇန္ဒား နိုဗက်တို့သည် အစိုးရအဖွဲ့သစ်တွင် မူလရာထူးများ၌ ဆက်လက်ခန့်အပ်ခံခဲ့ရသည်။

သို့သော် ပူတင်က ကျန်းမာရေး၊ ပညာရေး၊ အလုပ်သမားနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအပြင် လူမှုရေးရာတွင် တာဝန်ရှိသော တာဝန်ရှိသူအများအပြားအား အစားထိုးခဲ့သည်။ ဝန်ကြီးချုပ်သစ် မီဟိုင်းမီရှုစတင်၏ အစိုးရအဖွဲ့နှင့် အစည်းအဝေးတွင် ပူတင်က အရေးကြီးဆုံးတာဝန်မှာ ပြည်သူများ၏ ကောင်းကျိုးချမ်းသာ မြင့်တက်စေရန်နှင့် မိမိတို့၏နိုင်ငံ ခိုင်မာအားကောင်းစေရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စီးပွားရေးအရှိန်အဟုန်ဖြင့် တိုးတက်စေရန်နှင့် ပြည်သူများ၏ လူနေမှုအဆင့်အတန်း တိုးတက်စေရန် အဓိကအာရုံစိုက်လျက် အစိုးရအဖွဲ့က ချက်ချင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း မီရှုစတင်က ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ရေး အစီအစဉ်များအား ပူတင်က ပြီးခဲ့သောသီတင်းပတ်တွင် မိန့်ခွန်း၌ ကြေညာခဲ့ပြီးနောက် နာရီပိုင်းအတွင်း ၎င်း၏ကာလရှည်ကြာ မဟာမိတ်ဖြစ်သူ ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်နှင့် အစိုးရအဖွဲ့တစ်ဖွဲ့လုံးက ရာထူးမှနုတ်ထွက်ပေးခဲ့သည်။ မက်ဗီဒက်၏ နေရာတွင် လူသိနည်းသော အခွန်ဌာနခေါင်းဆောင် မီရှုစတင်ဖြင့် အစားထိုးခဲ့သည်။

ပူတင် အဆိုပြုခဲ့သော ပြုပြင်ပြောင်းလဲရေး အစီအစဉ်များအရ ဝန်ကြီးချုပ်အား ခန့်အပ်ရန်အပါအဝင် အခွင့်အာဏာအချို့ကို ပါလီမန်သို့ ပေးအပ်ရန်၊ ပူတင်က ဦးဆောင်သွားဖွယ်ရှိသည့် နိုင်ငံတော်ကောင်စီဟု ခေါ်သော အကြံပေးအဖွဲ့၏အခန်းကဏ္ဍကို တိုးမြှင့်ပေးရန် ပါဝင်ခဲ့သည်။ အသက် ၆၇ နှစ်ရှိပြီဖြစ်သော ပူတင်သည် ၂၀၂၄ ခုနှစ်တွင် ၎င်း၏စတုတ္ထမြောက်သက်တမ်း ကုန်ဆုံးပြီးနောက် ပြည်တွင်းနှင့် ပြည်ပမူဝါဒအား ပုံဖော်ရန် ထိုရာထူးအား အသုံးချနိုင်ကြောင်း ဝေဖန်သူများက ထောက်ပြခဲ့ကြသည်။

မကြာသေးမီ နှစ်များအတွင်း ရုရှားစီးပွားရေးတိုးတက်မှု တန့်နေခဲ့ပြီး ပြည်သူများ၏ ဝင်ငွေသုံးစွဲနိုင်မှု ကျဆင်းခဲ့ချိန်တွင် မက်ဗီဒက်အား လူထုထောက်ခံမှု ကျဆင်းခဲ့သည်။ နိုင်ငံအဆင့် အစီအစဉ် တစ်သီတစ်တန်းနှင့် မိသားစုများအား ထောက်ပံ့ပေးမှုအား တိုးမြှင့်မှုအပါအဝင် နိုင်ငံ၏စီးပွားရေးကို အရှိန်အဟုန်မြှင့်တင်ရန်နှင့် လူနေမှုအဆင့်အတန်း တိုးတက်စေရန် အစီအစဉ်များစွာကို ပူတင်က ထုတ်ပြန်ခဲ့သည်။

အခြေခံအဆောက်အအုံ၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့တွင် ဧရာမ ရင်းနှီးမြှုပ်နှံမှုများပါဝင်သော နိုင်ငံအဆင့် စီမံကိန်းကြီးများသည် ၂၀၂၄ ခုနှစ်မတိုင်မီ ခန့်မှန်းခြေ ဒေါ်လာဘီလျံ ၄၀၀ (ယူရိုဘီလျံ ၃၆၀) ကုန်ကျဖွယ်ရှိသည်ဟု မျှော်လင့်ရသည်။

ရုရှား၏ ဖက်ဒရယ်အခွန် ဝန်ဆောင်မှုဌာနအား ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ဦးဆောင်ခဲ့သော မီရှုစတင်သည် ကိုယ်ပိုင် နိုင်ငံရေးရည်မှန်းချက်များ မရှိသော်လည်း ထိရောက်ပြီး ကျွမ်းကျင်သောအုပ်ချုပ်ရေးမှူးတစ်ဦးအဖြစ် ရှုမြင်ခံထားရသည်။

ပူတင်သည် ပြုပြင်ပြောင်းလဲမှုများအား အသုံးချ၍ ရုရှား၏ ထာဝရခေါင်းဆောင် ဖြစ်လာစေရန် ကြိုးပမ်းနေကြောင်း ထင်ရှားသောအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာညီက စွပ်စွဲခဲ့သည်။

Comments

Popular posts from this blog

၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၂၅ မိနစ်) လက်ဘနွန်တွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၂၀ ကျော် ထိခိုက်ဒဏ်ရာရ

၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၃၇ မိနစ်) တရုတ် ဗိုင်းရပ်စ်ဆန်း မြို့ကြီးများဆီ ကူးစက်ပျံ့နှံ့ ၊ နောက်ထပ် လူ ၁၄၀ နီးပါး ထပ်မံကူးစက်ခံထားရ

၂၂.၁.၂၀၂၀ ( နံနက် ၈ နာရီ ၃၄ မိနစ် ) ‌စစ်ရေးလေ့ကျင့် မှုပူးတွဲစတင်ခဲ့ကြတဲ့ အီရန်၊ ရုရှား နှင့် တရုတ်နိုင်ငံတို့မှရေတပ်ဖွဲ့ဝင်များ