၂၄.၁.၂၀၂၀ ( နံနက် ၉ နာရီ ၄၈ မိနစ် ) ဆားစ်နှင့် ဆင်တူသောဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ကိုးဦးထိ ရှိလာပြီး ဗီဇပြောင်းလဲမှုဖြစ်နိုင်ကြောင်း တရုတ်သတိပေး


အမေရိကန်သို့ပင် ရောက်ရှိခဲ့ပြီး လူရာနှင့်ချီ ကူးစက်ခဲ့သော ဆားစ်နှင့်ဆင်တူသော ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ကိုးဦးထိ မြင့်တက်လာပြီး ယင်းဗိုင်းရပ်စ်သည် မျိုးဗီဇပြောင်းလဲနိုင်ကြောင်း တရုတ်အာဏာပိုင်များက ဇန်နဝါရီ ၂၂ တွင် သတိပေးခဲ့သည်။

တရုတ်နှစ်သစ်ကူး နီးကပ်လာချိန်တွင် ခရီးသွားလာမှု မြင့်တက်လာမည့်ကာလ၌ ထိုဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် အာဏာပိုင်များက အပူတပြင်း ကြိုးပမ်းနေသည်။

၂၀၀၂-၂၀၀၃ က ဖြစ်ပွားခဲ့သော ဆားစ်ကြောင့် တရုတ်နှင့် ဟောင်ကောင်တွင် လူ ၆၅၀ နီးပါး သေဆုံးခဲ့သည်။

တရုတ်အလယ်ပိုင်း ဝူဟန်းတွင် ယခုဖြစ်ပွားသော ဗိုင်းရပ်စ်သည် ဆားစ်နှင့်ဆင်တူသောကြောင့် သတိပေးတပ်လှန့်မှု မြှင့်တင်ထားသည်။

ဗိုင်းရပ်စ်၏ဗဟိုချက်ဖြစ်သော ဝူဟန်းတွင် လူ ၁၁ သန်းခန့်နေထိုင်ပြီး ခရီးသွားများ ရှောင်ကြဉ်ကြရန်နှင့် ဒေသခံများ နေရပ်မှ မထွက်ခွာကြရန် အာဏာပိုင်များက တောင်းဆိုထားသည်။

အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သော ယင်းဗိုင်းရပ်စ်သည် ဗီဇပြောင်းလဲမှု ဖြစ်နိုင်ပြီး ထပ်မံကူးစက် ပျံ့နှံ့မှု ဖြစ်နိုင်ကြောင်း အမျိုးသားကျန်းမာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌလီပင်းက ပေကျင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

လူ ၁၃၉၄ ဦးကို ကျန်းမာရေးစောင့် ကြည့်မှုအခြေအနေ၌ ထားရှိပြီး ၇၆၅ ဦးကို ဆေးရုံမှ ဆင်းခွင့်ပေးပြီးဖြစ်ကြောင်း လီပင်းက ထည့်သွင်းပြောကြားခဲ့သည်။

ယင်းဗိုင်းရပ်စ်ကို အမေရိကန်၊ ထိုင်ဝမ်၊ ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယား၊ မကာအိုတို့တွင် စစ်ဆေးတွေ့ရှိထားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဗိုင်းရပ်စ်အတွက် ကျန်းမာရေး ပြည်သူ့အရေးပေါ် အခြေအနေကြေညာရန် ဇန်နဝါရီ ၂၂ တွင် အစည်းအဝေးကျင်းပခဲ့သည်။

အမေရိကန်တွင် ယင်းဗိုင်းရပ်စ်ကူးစက်ခံရသူသည် ဆီယက်တဲမှဖြစ်ပြီး အသက် ၃၀ ကျော်ဖြစ်ကြောင်း၊ ကျန်းမာရေးတည်ငြိမ်နေကြောင်း အမေရိကန်အာဏာပိုင်များက ပြောကြားခဲ့့သည်။

တရုတ်အစိုးရက ထိုဗိုင်းရပ်စ်ကို ဆားစ်နှင့် အဆင့်တူအဖြစ် သတ်မှတ်ထားပြီး ယင်းဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ဖျားနာသူများအား သီးခြားခွဲထားရန် ဆောင်ရွက်နေသည်။

တရုတ်နိုင်ငံတစ်ဝန်းတွင် ထိုဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၄၀ ထက်မနည်းရှိပြီး ဗိုင်းရပ်စ်၏ရင်းမြစ်ကို အတိအကျ ဖော်ထုတ်ရန် ဆောင်ရွက်နေဆဲ ဖြစ်သည်။

ထူးဆန်းသော ထိုဗိုင်းရပ်စ်သည် လူအချင်းချင်း ကူးစက်နိုင်ကြောင်း အမျိုးသားကျန်းမာရေး ကော်မရှင်မှ ထင်ရှားသော ပညာရှင်တစ်ဦးက ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။

သို့သော်လည်း တိရစ္ဆာန်များသည် ဗိုင်းရပ်စ်၏ ရင်းမြစ်ဖြစ်နိုင်ကြောင်း ယူဆထားကြသည်။

တောရိုင်း တိရစ္ဆာန်များနှင့် တရားမဝင် ထိတွေ့ခဲ့သော စျေးတစ်ခုမှရောဂါ အစပြုခဲ့ခြင်းဖြစ်နိုင်ကြောင်း တရုတ် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာမှ ညွှန်ကြားရေးမှူးကောင်ဖူက ပြောကြားခဲ့သည်။

ယခုသီတင်းပတ်သည် တရုတ်နှစ်သစ်ကူးပွဲတော် ကာလဖြစ်သောကြောင့် လူသန်းနှင့်ချီ၍ ခရီးသွားလာကြမည့် အချိန်ဖြစ်သည်။ ထို့ကြောင့် လေဆိပ်များ၊ ကားဂိတ်များ၊ လေယာဉ်နှင့် ရထားအတွင်းများ၌ ရောဂါထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် အမျိုးသားကျန်းမာရေး ကော်မရှင်က ကြေညာထားသည်။

Comments

Popular posts from this blog

၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၂၅ မိနစ်) လက်ဘနွန်တွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၂၀ ကျော် ထိခိုက်ဒဏ်ရာရ

၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၃၇ မိနစ်) တရုတ် ဗိုင်းရပ်စ်ဆန်း မြို့ကြီးများဆီ ကူးစက်ပျံ့နှံ့ ၊ နောက်ထပ် လူ ၁၄၀ နီးပါး ထပ်မံကူးစက်ခံထားရ

၂၂.၁.၂၀၂၀ ( နံနက် ၈ နာရီ ၃၄ မိနစ် ) ‌စစ်ရေးလေ့ကျင့် မှုပူးတွဲစတင်ခဲ့ကြတဲ့ အီရန်၊ ရုရှား နှင့် တရုတ်နိုင်ငံတို့မှရေတပ်ဖွဲ့ဝင်များ