၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၃၀ မိနစ်) ဂျာမနီက ၂၀၃၅ ခုနှစ်မတိုင်မီ ကျောက်မီးသွေး အသုံးပြုမှု ရပ်ဆိုင်းနိုင်ရန် ကြိုးပမ်းနေ


ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်၍ အများပြည်သူ၏ ဖိအားပေးမှုကို ဦးညွှတ်လျက် ဂျာမနီသည် ကျောက်မီးသွေးစွမ်းအင် သုံးစွဲမှုမှ နိဂုံးချုပ်ရန် ကြိုးပမ်းမှုကို အရှိန်မြှင့် တင်သွားရန်နှင့် ကျောက်မီးသွေး စွမ်းအင်ကုမ္ပဏီများကိုလည်း လျော်ကြေးပေးရန် ဇန်နဝါရီ ၁၆ တွင် ကတိပြုခဲ့သည်။

ကျောက်မီးသွေး အသုံးပြုမှုများသည် ယခင်စီစဉ်ထားခဲ့သော ၂၀၃၈ ခုနှစ်အစား ၂၀၃၅ ခုနှစ်မတိုင်မီ သမိုင်းဖြစ်သွားနိုင်ကြောင်း ကြေညာမှုနှင့်အတူ ထိုအစီအစဉ်အား ယခုစတင်နေပြီး ယင်းသည် ဝတ္တရားအရ လိုက်နာရမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး Svenja Schulze က ဘာလင်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

နိုင်ငံ၏ ကျောက်မီးသွေးစွမ်းအင်စက်ရုံများအား ပိတ်ပင်ရန် အစီအစဉ်ကို ဝန်ကြီးချုပ် အင်ဂျလာမာကယ်နှင့် Saxony – Anhalt၊ Saxony North Rhine - Wesphalia နှင့် Brandenburg ပြည်နယ်များမှ ဝန်ကြီးများက သဘောတူခဲ့ကြသည်။ ထိုစီမံချက်အား ဥပဒေကြမ်းအဖြစ် ရေးဆွဲပြီး ယခုလနှောင်းပိုင်းတွင် တင်သွင်းကာ နောက်ပိုင်းတွင် အတည်ပြုသွားရန် စီစဉ်ထားသည်။

၂၀၂၀ ပြည့်လွန်နှစ်များတွင် လည်ပတ်မှု ရပ်ဆိုင်းကြမည့် ကျောက်မီးသွေးစွမ်းအင်သုံး စက်ရုံကုမ္ပဏီများအား အစိုးရက လျော်ကြေးဒေါ်လာ ၄.၉ ဘီလျံ (ယူရို ၄.၃၅ ဘီလျံ) ပေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး Olaf Scholz က ပြောကြားခဲ့သည်။ ထိုစက်ရုံများ ပိတ်အပြီးတွင် ၁၅ နှစ်ကျော်အတွင်း လျော်ကြေးများ ချဲ့ထွင်ပေးသွားမည်ဖြစ်ပြီး လက်သင့်ခံနိုင်သော အနေအထားရှိကာ ကောင်းမွန်သောရလဒ်ဟု ရှုမြင်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

North Rhine - Westphalia ပြည်နယ်တွင် စက်ရုံများရှိသော လျှပ်စစ်ကုမ္ပဏီကြီး RWE က ထိုလျော်ကြေး၏ ဝေစုအများဆုံး ပမာဏအဖြစ် ယူရို ၂.၆ ဘီလျံကို ရရှိမည်ဖြစ်သည်။ သို့သော် ၎င်းတို့မျှော်မှန်းထားသော ပမာဏ ယူရို ၃.၅ ဘီလျံထက် လျော့နည်းကြောင်း RWE က စောဒကတက်ခဲ့သည်။

ရေတိုတွင် မိမိတို့ကုမ္ပဏီမှ အလုပ်အကိုင် ၃၀၀၀ ခန့် ထွက်ခွာသွားနိုင်ပြီး ၂၀၃၀ ပြည့်နှစ်မတိုင်မီ စော၍ အငြိမ်းစားယူနိုင်သူအများစု အပါအဝင် လူ ၆၀၀၀ ခန့် အလုပ်နားသွားနိုင်ကြောင်း RWE က ထုတ်ပြန်ခဲ့သည်။ ယင်းပမာဏသည် အထူးသဖြင့် ကျောက်မီးသွေးညို အသုံးပြုသော လုပ်ငန်းနယ်ပယ်မှ RWE ၏လုပ်သား ရာခိုင်နှုန်း ၆၀ ခန့်နှင့် ကုမ္ပဏီလုပ်သားအားလုံး၏ လေးပုံတစ်ပုံရှိကြောင်း သိရသည်။

အချိန်နှောင်းနေပြီ

၂၀၃၈ ခုနှစ် မတိုင်မီ ကျောက်မီးသွေးစွမ်းအင် အသုံးပြုမှု ရပ်ဆိုင်းရန် အစီအစဉ်များသည် ပြီးခဲ့သောနှစ်တွင် စတင်သတင်းထွက်ခဲ့သော်လည်း ရှေ့သို့ သုံးနှစ်သာ တိုးခဲ့မှုအား သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများက ဘဝင်မကျခဲ့ပေ။ ကျောက်မီးသွေး အသုံးပြုမှု ရပ်ဆိုင်းခြင်းသည် လုပ်ထုံးလုပ်နည်းအရ စိန်ခေါ်မှုတစ်ခု မဟုတ်ကြောင်း၊ သို့သော် နိုင်ငံရေးဆန္ဒအရ မေးခွန်းထုတ်စရာဖြစ်ပြီး ၂၀၃၅ သည် အလွန်နောက်ကျနေကြောင်း ကျောက်မီးသွေးညို တူးဖော်သည့် နေရာများအား ဝင်စီးမှုအများအပြားကို ဦးဆောင်ခဲ့သော ဆန္ဒပြအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Ende Gelaende က Twitter တွင် ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီ ၁၆ တွင် ထုတ်ပြန်မှုသည် ကျောက်မီးသွေးညို စက်ရုံများအား မည်သည့်အချိန်တွင် ပိတ်သိမ်းမည့် အစီအစဉ် ပါဝင်သော အသေးစိတ်အချက်အလက်များကို ပထမဆုံးအကြိမ် ထုတ်ပြန်မှုဖြစ်ခဲ့သည်။ RWE က တန်ချိန် ၂.၁ ဘီလျံရှိသော ၎င်းတို့၏ ကျောက်မီးသွေး အရန်သိုက်၏ ထက်ဝက်ကျော်ကို ယခုအခါ ယင်းအတိုင်း ထားရှိမည်ဖြစ်ကြောင်း ဆိုခဲ့သည်။

သို့သော် အစိုးရ၏ ယခုအစီ အစဉ်တွင် Rhineland ပြည်နယ်၌ Dattech 4 ဟု ခေါ်သော ကျောက်မီးသွေး စက်ရုံသစ်ကို စတင်လည်ပတ်ရန် ခွင့်ပြုထားခြင်းအား တက်ကြွလှုပ်ရှားသူများက ထောက်ပြခဲ့ကြသည်။ ကျောက်မီးသွေး တူးဖော်သည့် ဒေသများတွင် စက်ရုံများနှင့် မိုင်းတွင်းများမှ အလုပ်သမားများအား ၂၀၄၃ ခုနှစ်အထိ လျော်ကြေးများပေးရန် အတွက်လည်း အစိုးရက စီစဉ်ထားခဲ့ပြီး ထိုဇုန်များတွင် ၂၀၃၈ ခုနှစ်မတိုင်မီ ထောက်ပံ့ငွေ ယူရိုဘီ လျံ ၄၀ ရရှိမည်ဖြစ်ကြောင်း သိရသည်။

Comments

Popular posts from this blog

၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၂၅ မိနစ်) လက်ဘနွန်တွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၂၀ ကျော် ထိခိုက်ဒဏ်ရာရ

၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၃၇ မိနစ်) တရုတ် ဗိုင်းရပ်စ်ဆန်း မြို့ကြီးများဆီ ကူးစက်ပျံ့နှံ့ ၊ နောက်ထပ် လူ ၁၄၀ နီးပါး ထပ်မံကူးစက်ခံထားရ

၂၂.၁.၂၀၂၀ ( နံနက် ၈ နာရီ ၃၄ မိနစ် ) ‌စစ်ရေးလေ့ကျင့် မှုပူးတွဲစတင်ခဲ့ကြတဲ့ အီရန်၊ ရုရှား နှင့် တရုတ်နိုင်ငံတို့မှရေတပ်ဖွဲ့ဝင်များ